ဘ၀များကို လောင်ကျွမ်းသွားသော မီး

Crime, Local, News
Spread the love

ဇန်န၀ါရီ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီ။

ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးက အိမ်တန်းစုမှာ ကမ္ဘာပျက်သလားဟုပင် ထင်ရပါသည်။ မီးသည် ချက်ချင်းဆိုသလို လောင်မြိုက်နေသည်။ ဆယ်ပေသာသာ ဓနိမိုးအိမ်ငယ်လေးများမှာ မိနစ်ပိုင်းအတွင်း မီးတောက်တွေကြားထဲ ကျဆုံးကုန်ပါသည်။

အမေ၊ အဖေအော်လျက်၊ ငိုလျက်၊ အပြေးတပိုင်းရောက်လာသော မိန်းကလေးငယ်သုံးယောက်သည် လူစု၊ လူဝေးကြားမှာ အမေကိုလိုက်ရှာပါသည်။ အမေသည် အ၀တ်တထည် ကိုယ်တခုနှင့် လမ်းနံဘေးမှာ မီးသင့်ဒဏ်ရာအချို့နှင့် ထိုင်လျက်ငိုနေပါသည်။ အလုပ်ထဲမှ အမောတကောပြေးလာရဟန်ရှိသော မိန်းကလေး ငယ်များမှာ အမေ့ကိုဖက်လျက် ငိုကြပြန်သည်။ အမေ့လက်မှ မီးသင့်ဒဏ်ရာမှာ အရေပြားများလန်နေပါသည်။ အမေသည် မရှိမဲ့ရှိမဲ့ အရာများဆုံးရှုံးမှုကို ယူကြုံးမရဖြစ်နေပါသည်။ မဟန်နိုင်တော့ပါ။ ငိုရင်း ပြောရင်း ယိုင်နဲ့လာပါသည်။

“လူနာတင်ကားရှိတယ်၊ လူနာတင်ကားဆီသွား”ဟု ပြောသံများကြားမှ လူငယ်တယောက်သည် အမေ့ကိုပွေ့လျက် မ ချီသွားသည်။

လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ စက်မှုဇုန် ၄၊ SMI စက်ရုံနှင့် Good Morning အကြားမှ ထိုအိမ်ငယ်လေးများသည် နာဂစ်၏ အမွေဆိုး၊ ဘေးထွက်ထုတ်ကုန်အဖြစ် ရောက်လာကြသော ကျူးကျော်အစုအဖွဲ့များထဲမှ နေရာတခုဖြစ်နေသည်။ မီးသည် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ထက် မပိုပါ။ တန်ဖိုးသည် ဘာမျှမရှိပါ။ သို့သော်လည်း ဘ၀တွေက များပါသည်။

“ကျွန်တော့အမေ၊ ကျွန်တော့အမေ”ဟု ထွက်ခွာဆဲ လူနာတင်ယာဉ်နောက်မှာ လူငယ်တဦးသည် မျက်ရည်စက်လက်ဖြင့် အော်ပါသည်။ သူလည်း အလုပ်နေရာမှ ပြန်ပြေးလာပုံရှိသည်။ နောက်မီးလောင်ပြင်ရှိရာ လူအုပ်ကြားထဲသို့ တိုးဝင်သွားပါသည်။

“ဘေးဖယ်၊ ဘေးဖယ်”

ကယ်ဆယ်ရေးအဖွဲ့တဖွဲ့သည် လူအုပ်ကြားထဲမှ ဖြတ်လျက်၊ အထုပ်ကြီးကြီး တထုပ်ကိုမလျက် သူတို့ကားဆီသို့ ပြေးလာပါသည်။ သူတို့လက်ထဲမှအရာကို ကားထဲသို့ ခပ်မြန်မြန်တင်ပြီး မောင်းထွက်သွားပါ သည်။ ထိုအရာမှာ မီးထဲပါသွားသော ကလေးငယ်တယောက်၏ ရုပ်အလောင်းဖြစ်ပါသည်။ နောက်အခြားကားတစီးမှ နောက်ထပ်ရုပ်အလောင်းတလောင်းကို သယ်သွားပြီဟုလည်း ပြောကြပြန်သည်။ လေဖြတ်နေသည့် အဘိုးအိုတယောက်ဟု ဆိုကြသည်။

မီးသည် တစ်ဆယ့်ငါးမိနစ်အတွင်း ပြီးသွားပါသည်။ မီးသတ်သမားများသည် မီးကြွင်းမီးကျန်တချို့ကို ငြှိမ်းနေသော်လည်း ကြီးကြီးမားမား မရှိ။ ဓနိမိုးထရံကာ ဒါမှမဟုတ် မိုးကာသားကာထားသည့် အိမ်ငယ်လေးများမှာ မီးကျီးခဲအဖြစ်ရှိနေဖို့ အဆင်သင့်မနေပါ။ မီးတောက်များနှင့်အတူ အားလုံးလိုလို ကွယ်ပျောက်သွားပြီဖြစ်သည်။

မီးလောင်ပြင်သည် မီးခိုးတငွေ့ငွေ့ ဆက်ထွက်နေပါသည်။ အဆင့် ၂ သတ်မှတ်ချက်ကို ရုပ်သိမ်းလျက် မီးသတ်ကားများ ပြန်လည်ထွက်ခွာနေပါသည်။ အဘိုးအိုတယောက်သည် အထုပ်များဘေးမှာ မသက်မသာဖြင့် ထိုင်နေပါသည်။ ကျန်းမာရေးကောင်းပုံ မရပါ။ ကယ်ဆယ်ရေးသမားအချို့ရောက်လာသည်။ ၀ိုင်းနေသည့်လူများကို ဖယ်ပေးဖို့ပြောနေသည်။

မီးလောင်ပြင်ဘေး ကားလမ်းမကြီးတလျှောက် ပိတ်နေသေးသည်။ ရသမျှအထုပ်တချို့ကို သယ်လာသည့်သူများ ရပ်သူရပ်၊ ထိုင်သူထိုင်နှင့်ရှိနေသည်။ မိန်းကလေးငယ်တချို့သည် ငိုမဲ့မဲ့ မျက်နှာများဖြင့် ရောက်လာသည်။ ငိုချင်စိတ်ထိန်းထားရသော အမျိုးသမီးသည် အခုမှ ငိုချသည်။ ငိုပွဲသည် ငါးယောက်၊ ခြောက်ယောက်မကပါ။

ကျူးကျော်အိမ်တန်းသည် တရားမ၀င်ဟုဆိုသော်လည်း ဘ၀များရှိပါသည်။ ငွေကြေးများစွာ မရှိသော်လည်း ငွေကြေးများစွာ ဆုံးရှုံးခြင်းမျိုး မဟုတ်သော်လည်း ဘ၀များစွာဆုံးရှုံးသွားပါသည်။ သူတို့မှာ မီးအာမခံမရှိပါ။ အာမခံကြေး သိန်းပေါင်းထောင်၊ သောင်းချီ မရနိုင်ပါ။ ဘ၀များသည် ဟိုလိုလို ဒီလိုလိုဖြင့် အသစ်ပြန်တည်ဆောက်တော့မည့် ဟိုတယ်ကြီးတလုံး မဟုတ်သည်ကတော့ သေချာသလောက်ပင် ရှိပါတော့သည်။

Source ; Facebook