The compound of the wealth Sri body shops 0 Rein calls for 2 fire

Local, News
Spread the love

ဘောဂသီရိကားဝင်းအတွင်း ကားဆေးဘော်ဒီဆိုင်တွေ ၀ရိန်ဆော်စဉ် ကား ၂ စီး မီးလောင်မှုဖြစ်ပွား

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဘောဂသီရိကားဝင်းအတွင်းရှိ “ဆန်းလိုက်”ကားဆေးဘော်ဒီဆိုင်တွင် ဇန်န၀ါရီ ၇ ရက် နေ့ခင်း ၁ နာရီခွဲအချိန်တွင် ၀ရိန်ဆော်စဉ် ၆ ဘီး ဟီးနိုးယာဉ် မီးလောင်ကျွမ်းခဲ့သည်။

ယင်း ၆ စီးယာဉ် မီးလောင်ကျွမ်းမှုကြောင့် အနီးတွင် ရပ်တန့်ထားသော မှန်လုံယာဉ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ပျဉ်းမနားမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ မီးသတ်ယာဉ် ၃ စီးတို့ဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီ ၂၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဟီးနိုးအမျိုးအစား အစိမ်းရောင် ၆ ဘီးယာဉ် ၀ဲဘက်ရှေ့တာယာ ၁ လုံး (ကာလတန်ဖိုး ကျပ် ၃၅၀၀၀) ဆီတိုင်ကီ ၁ လုံး (ကာလတန်ဖိုး ကျပ် ၁၅၀၀၀)၊ ယာဉ်တွင်တပ်ဆင်ထားသော ၀ါယာမီးကြိုး (ကာလတန်ဖိုး ၁၀၀၀၀ ကျပ်)၊ မှန်လုံယာဉ်တွင် နောက် ၀ဲ/ယာဘီးတာယာ ၂ လုံး (ကာလတန်ဖိုး ကျပ် ၆၀၀၀၀)၊ မှန် ၁ ချပ်ကွဲ (ကာလတန်ဖိုး ကျပ် ၅၀၀၀)၊ ကားဘော်ဒီဆေးပျက်စီး (ကာလတန်ဖိုးကျပ် ၁၅၀၀၀၀)၊ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပျဉ်းမနားမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ “ဆန်းလိုက်”ကားဘော်ဒီဆိုင်မှ ၀ရိန်ဆော်သူ အလုပ်သမား ကိုဝအား လျှပ်စစ်မီးအား ပေါ့လျော့စွာ အသုံးပြု၍ မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။

ထွန်း(နေပြည်တော်)

Source : News Watch